kakanaingmin

kakanaingmin

Thursday, June 13, 2013

Home » »
ကလေးမြို့ သီတဂူဆေးရုံ မျက်စိ ခွဲစိတ်ကုသမည်
.....................................................

သီတဂူဆရာတော်ကြီး တည်ထောင်ထားသော စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သီတဂူ စက္ခုဒါန ဆေးရုံတော်ကြီးတွင် အဋ္ဌမ အကြိမ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ မျက်စိ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဆေးရုံ စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။

“အခုကလေးမြို့ ဆေးရုံကြီးမှာ မျက်စိဆရာဝန်မရှိတာ ခြောက်လလောက် ရှိနေပြီ။ ဒါကြောင့် ဒီတစ်ခေါက် လူနာပိုများ လာတယ်”ဟု ၄င်းကဆိုသည်။

ယခုအကြိမ်တွင် မျက်စိဝေဒနာရှင် နှစ်ထောင်နှင့်အထက်ကို လက်ခံကုသ သွားမည် ဖြစ်ပြီး ဒေါက်တာဦးခင်မောင်ဇော် နှင့်အဖွဲ့က လာရောက် စမ်းသပ်ကုသပေးမည် ဖြစ်ကာ သီတဂူ ဆရာတော်ကြီးက လူနာများကို လာရောက်ကြည့်ရှု အားပေးမည် ဖြစ်ကြောင်း ၄င်းကဆက်လက်
ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အဆိုပါ
ဆေးရုံတွင် လေးနှစ်တာ ကာလအတွင်း မျက်စိဝေဒနာကို ခုနစ်ကြိမ်ခန့် ခွဲစိတ်ကုသ ပေးနိုင်ခဲ့ပြီး စမ်းသပ်ပြီး လူနာ ၄၉၁၆ ဦးနှင့် ခွဲစိတ်ပြီး လူနာ ၁၂၆၃ ဦးရှိကြောင်း၊ ကလေး၊ တမူး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊
ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသောမြို့များအပြင် ချင်းပြည်နယ် အတွင်းရှိ မြို့များနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စသောဒေသများမှ လူနာများပါလာရောက် ကုသမှု ခံယူကြကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်/ ကုသ ဆရာဝန်၊ မှုခင်းဆရာဝန်၊ မျက်စိအထူးကု ဆရာဝန်တို့ လစ်လပ်မှု ရှိနေကြောင်း ဇွန်လ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ် တွေ့ဆုံပွဲတွင် ဆေးရုံအုပ်
ဒေါက်တာညွှန့်သန်းက ပြောကြားသည်။
Share this games :

0 comments:

Post a Comment