kakanaingmin

kakanaingmin

Wednesday, June 12, 2013

Home » »
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုအပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်
ကျေညာချက်အမှတ် ၈/၂၀၁၃
ရက်စွဲ။ ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၂) ရက်

၁။ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အရေးအခင်း၊ မိတ္ထီလာအရေးအခင်နှင့် နောက်ဆုံးဖြစ်ပွားခဲ့သော လားရှိုး အရေးအခင်းများကို မြန်မာနိုင်ငံအတွင်း၌ တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဘာသာ ယဉ်ကျေးမှု မတူသော လူအုပ်စုနှစ်စုတို့အကြား ဆူပူမှုများ၊ ငြိမ်သက်အောင် ဖန်တီးနိုင်ခဲံ့သော်လည်း အပြန် အလှန် လေးစားနားလည်၍ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်သော အနေအထားသို့ရောက်ရန် အချိန်ကာလ နှင့် ပံ့ပိုးစောင့်ရှောက်မှုများ လိုအပ်နေဦးမည်သာ ဖြစ်သည်။ ထိုသို့ အချိန်ကာလအတန်ကြာ ရယူဖြေရှင်းရဦးမည့် အနေအထားတွင် ဥပဒေအရ ထိန်းချုပ်နိုင်လင့်ကစား စိတ်ခံစားချက်များအပေါ် တည်မှီသော ပေါက်ကွဲမှုများ ဖြစ် မလာရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုများအတွက် အထူးအရေးကြီးပေသည်။
၂။ ယခုအခါ မလေးရှားနိုင်ငံတွင် သွားရောက်၍ မိမိတို့ဝမ်းစာအတွက် အလုပ်လုပ်ကိုင်နေကြသော အပြစ် မဲ့ မြန်မာပြည်သားများကို ပြည်ပတွင်လက်တုန့်ပြန်ခံရ၍ အသက်ဆုံးပါးရမှုများကို ကြားသိလာရသည်မှာ လွန်စွာ ၀မ်းနည်းဖွယ် ဖြစ်ရသည်သာမက အလွန်ပင်စိုးရိမ်ကြောင့်ကြရသော အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖြစ်ပွားရာ နိုင်ငံဒေသပြင်ပတွင် ယင်းကဲ့သို့ သတ်ဖြတ်မှုများ၊ ဒေသတွင်းသို့ ကူးစက်မလာဟု ပြော၍ မရပါ။ ထို့အတူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအဖြစ်သို့ မရောက်စေရန် အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ရန် လိုသကဲ့သို့ ဤကဲ့သို့သော တရားမဲ့ကျူးလွန်သတ်ဖြတ်မှုမျိုးကို ကြိုတင်ကာကွယ်ရေးနှင့်ပြည်တွင်းသို့ သယ်ဆောင်မလာနိုင်ရေးတို့ကို လုံခြုံရေးသတိ၊ နိုင်ငံရေးအသိ ရှိရှိဖြင့် စုပေါင်းကာကွယ်ရန် တောင်းဆိုတိုက် တွန်းလိုက်သည်။
၃။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် လူမျိုးပေါင်းစုံညီညွတ်ရေး၊ သဟာဇာတဖြစ်ရေးတို့ကို အစဉ် တစိုက် ကြိုဆိုနေမည်ဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားတို့ကို ထိပါးမည့် အကြောင်းကိစ္စ ဟူသမျှတို့ကို ဆန့်ကျင်သွားမည် ဖြစ်သည်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားရေး စသည်တို့ကို အမြတ်တနိုး ပွေ့ပိုက်မည်ဖြစ်သော်လည်း နိုင်ငံနှင့်လူမျိုး အကျိုးကို ထိခိုက်မည့်အရေးကို အမျိုးသားရေးအမြင်ဖြင့် တားဆီးကာကွယ်ရေးကို တောင်းဆို၍ ဤသို့သော အပြစ်မဲ့ မြန်မာပြည်သားများ သတ်ဖြတ်ခံရမှုကို ပြင်းထန်စွာရှုံချလိုက်သည်။

(၁၂-၆-၂၀၁၃ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး ဆုံးဖြတ် ချက်အရ-)
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
Share this games :

0 comments:

Post a Comment